Xiaomi ရဲ့နောက်ကွယ်က Lei Jun (သို့မဟုတ်) Smartphones မုန်တိုင်းသစ် တိုက်ခတ်စေခဲ့သူ

In General On
- Updated

ဒီနာမည်ကို လွန်ခဲ့တဲ့ (၆) နှစ်က ဘယ်သူမှကြားဖူးကြမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ Xiaomi ကိုတည်ထောက်ခဲ့တာဟာ April 6, 2010 ဖြစ်တဲ့အတွက်ပါ။ ဒီလောက်အချိန်အတိုလေးအတွင်းမှာ Xiaomi ဟာ နာမည်ကြီးမိုဘိုင်းဖုန်း ကုမ္ပဏီကြီးတွေကို နောက်ကောက်ချပြီး တရုတ်ရဲ့နံပါတ် (၁) ဖုန်းကုမ္ပဏီကြီးတခုဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် Xiaomi ဟာ ကမ္ဘာ့ဖုန်းကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple နဲ့ Samsung ရဲ့နောက် တတိယအကြီးဆုံးသော မိုဘိုင်းဖုန်းကုမ္ပဏီကြီးတခုဖြစ်လာခဲ့ပါတယ်။ အခုပို့စ်ဟာ တချိန်က ကိုဖြိုးကိုကိုနိုင် ရေးသားခဲ့တဲ့ပို့စ်ကို အနည်းငယ်ပြင်ဆင်မှုပြုပြီး ပြန်လည်ရေးသားထားတာဖြစ်ပါသည်။

တရုတ်တို့ရဲ့နည်းပညာခေတ်မှာ Xiaomi (ရှောင်းမီ) နဲ့ Alibaba (အလီဘာဘာ) တို့ဟာ အံ့သြဖွယ်ရာ အိုင်ကွန်ကြီးနှစ်ခုဖြစ်ပါတယ်။ Alibaba ကိုတည်ထောင်သူ Jack Ma (ဂျက်မား) အကြောင်းကို လူသိပိုများပေမယ့် Xiaomi ကိုတည်ထောင်သူ Lei Jun (လေကျွင်း) ကိုတော့ လူသိပ်မသိကြပါဘူး။ Jack Ma နဲ့ Lei Jun တို့ဟာ တရုတ်လူငယ်တို့ရဲ့ အိပ်မက်ထဲက စီးပွားရေးအိုင်ကွန် နှစ်ယောက်ဖြစ်ပါတယ်။

(၁၉၉၁) ခုနှစ် တရုတ်ပြည် ဝူဟန်တက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံတက်နေတဲ့ အသက် (၂၂) အရွယ် Lei Jun ဆိုတဲ့ လူငယ်တယောက်ရှိပါတယ်။ သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ ကျောင်းတက်ရင်း Software ကုမ္ပဏီအသေးလေး စတင်တည်ထောင်ခဲ့ပါတယ်။ သိပ်မကြာလိုက်ပါဘူး တရုတ်တို့ရဲ့ထုံးစံအတိုင်း သူ့အိုက်ဒီယာကို ကုမ္ပဏီကြီးတခုက ဆင်တူရေးဆွဲပြီး စျေးပေါပေါနဲ့ ချရောင်းလိုက်ပါတယ်။ ဒါကြောင့် သူတို့ကုမ္ပဏီအသေးလေး ဆက်လက်မလည်ပတ်နိုင်တော့ပဲ (၆) လဆိုတဲ့အချိန်တိုလေးအတွင်း ပိတ်လိုက်ရပါတော့တယ်။ အဲ့ဒီလိုနဲ့ သူငယ်ချင်း (၃) ယောက်စလုံးဟာ ရှိစုမဲ့စုတွေကုန်ပြီး အရင်းပြုတ်သွားခဲ့တာပေါ့။ လက်ကျန်ပစ္စည်းတွေကိုခွဲယူကြတော့ Computer (ကွန်ပျူတာ) (၂) လုံးနဲ့ Printer (ပရင်တာ) (၁) လုံးသာကျန်ပါတော့တယ်။ အဲ့ဒါကို သူငယ်ချင်း (၃) ယောက်မျှဝေခွဲယူခဲ့ကြပါတယ်။

အဲ့ဒီအရင်းပြတ်သွားခဲ့တဲ့ သူငယ်ချင်း (၃) ယောက်ထဲက Lei Jun ဆိုတဲ့လူငယ်လေးဟာ နောင် (၁၉) နှစ်အကြာမှာတော့ ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Xiaomi ကိုဖန်တီးမယ့်သူဆိုတာကို မည်သူမျှမခန့်မှန်းနိုင်ခဲ့ကြပါဘူး။

Lei Jun ကို (၁၉၆၉) ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ Hubei ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ (၁၉၈၇) ခုနှစ်မှာ အထက်တန်းပြီးခဲ့ပြီး Wuhan တက္ကသိုလ်မှာ ကွန်ပျူတာအထူးပြုတက်ခဲ့ပါတယ်။ (၁၉၉၁) ခုနှစ်မှာ ကိုယ်ပိုင်ကုမ္ပဏီစတင်တည်ထောင်ရာမှ အရင်းပြုတ်ဆုံးရှုံးခဲ့ပါတယ်။

အဲ့ဒါနဲ့ (၁၉၉၂) ခုနှစ်မှာ Lei Jun ဟာ King Soft အမည်ရှိတဲ့ Anti-Virus Software ရေးတဲ့ ကုမ္ပဏီမှာ အစမ်းခန့်အောက်ခြေဝန်ထမ်းစလုပ်ခဲ့ပါတယ်။ သူဟာ အလုပ်ကြိုးစားပြီး သင်ယူမှုအလွန်မြန်ဆန်တယ်လို့ဆိုပါတယ်။ ရက်သတ္တပါတ်ကို နာရီ (၁၀၀) အထက်အလုပ်လုပ်တယ်။ ထူးခြားတဲ့အရည်အသွေးကြောင့် (၂) နှစ်အကြာမှာ King Soft ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာဖြစ်လာခဲ့တယ်။ နောင် (၄) နှစ်အကြာ (၁၉၉၈) ခုနှစ်မှာ King Soft ကုမ္ပဏီရဲ့ CEO အဖြစ်ခန့်အပ်ခြင်းခံရတယ်။ (၆) နှစ်အတွင်း အောက်ဆုံးဝန်ထမ်းကနေ CEO ဖြစ်ခဲ့တာက Lei Jun ရဲ့ အံ့သြဖွယ်အရည်အသွေးပါပဲ။

(၂၀၀၀) ခုနှစ် မတ်လမှာ King Soft ရဲ့ CEO တာဝန်ယူထားရင်း Joyo.com ဆိုတဲ့ China Amazon အင်တာနက်စာအုပ်ဆိုင်ကို ကိုယ်ပိုင်လုပ်ငန်းအဖြစ် ပြန်လည်တည်ထောင်ပါတယ်။ လုပ်ငန်းအောင်မြင်သွားပြီး (၄) နှစ်အကြာမှာ Joyo ကို Amazon (အမေဇုန်) ကုမ္ပဏီသို့ ဒေါ်လာ (၇၅) သန်းနဲ့ ရောင်းချခဲ့ပါတယ်။ ဒီကစပြီး Lei Jun ဟာ တရုတ် Millioner (မီလျံနာ) တဦးဖြစ်လာခဲ့ပါတယ်။

King Soft ကုမ္ပဏီဟာ Lei Jun ကို ဆက်လက်ထိန်းသိမ်းထားဖို့အတွက် (၁၉၉၈) ကတည်းက CEO ရာထူးကိုပေးအပ်ခဲ့သလို (၂၀၀၁) ခုနှစ်မှာ ကုမ္ပဏီရဲ့ ဥက္ကဌရာထူးကိုပါ ပူးတွဲပေးအပ်ခဲ့ပါတယ်။ ဒါပေမယ့် Joyo ကိုရောင်းချပြီး ကိုယ်ပိုင်လုပ်ငန်းတခု ထပ်မံတည်ထောင်ဖို့ရန်အတွက် ဆန္ဒပြင်းပြနေတဲ့ Lei Jun ကို သူတို့ထိန်းသိမ်းထားလို့မရတော့ပါဘူး။ အဲ့ဒီလိုနဲ့ (၂၀၀၇) ခုနှစ် ဒီဇင်ဘာ (၂၀) ရက်နေ့မှာ Lei Jun ဟာ ကျန်းမာရေးမကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ (၁၀) နှစ်နီးပါးလုပ်ခဲ့တဲ့ King Soft ရဲ့ CEO နဲ့ ဥက္ကဌရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်။ Lei Jun ဟာ ဒီကနေ့အချိန်ထိ King Soft ကုမ္ပဏီရဲ့ အစုရှယ်ယာ (၁၂) ရာခိုင်နှုန်းကို ပိုင်ဆိုင်နေပါသေးတယ်။

(၂၀၀၈) ခုနှစ်မှာ Lei Jun ဟာ Joyo ကရခဲ့တဲ့အမြတ်ငွေတွေနဲ့ တရုတ်နာမည်ကြီး (UC Browser) ကိုဖန်တီးခဲ့တဲ့ ကုမ္ပဏီ UCWeb နဲ့ Vancl.com မှာ စတင်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ မကြာခင်မှာ UCWeb ရဲ့ ဥက္ကဌတာဝန်ယူခဲ့ပါတယ်။ Lei Jun ရဲ့အိပ်မက်တွေဟာ ဒီလောက်နဲ့မရပ်တန့်သွားသေးပါဘူး။ King Soft မှာအလုပ်လုပ်ခဲ့စဉ်ကတည်းက Nokia (နိုကီရာ) Motorola (မိုတိုရိုလာ) ကုမ္ပဏီတွေနဲ့ လုပ်ငန်းသဘောအရပါတ်သတ်ခဲ့ပြီး စမတ်ဖုန်းစျေးကွက်ကို စိတ်ကူးယဉ်ခဲ့ပါတယ်။ အလျင်အမြန်ကြီးထွားလာတဲ့ ဒီစျေးကွက်ကိုရယူဖို့ဆုံးဖြတ်ပြီး နည်းဗျူဟာတွေချမှတ်ခဲ့ပါတယ်။

အဲ့ဒီလိုနဲ့ပဲ (၂၀၁၀) ခုနှစ် (၄) လပိုင်းမှာတော့ Lei Jun ဟာ သူ့ရဲ့သူငယ်ချင်း (၈) ယောက်နဲ့ ရှယ်ယာစုပြီး Xiaomi ကိုစတင်တည်ထောင်ခဲ့ပါတယ်။ ဒီလိုတည်ထောင်လိုက်ခြင်းဟာ Asia (အာရှ) ရဲ့ စမတ်ဖုန်း၊ တက်ဘလတ်နဲ့ နည်းပညာလောကထဲကို မုန်တိုင်းတခုစတင်ဝင်ရောက်လာခြင်းလို့ ဆိုနိုင်ပါတယ်။

Xiaomi တည်ထောင်ပြီး (၁) နှစ်နဲ့ (၅) လအကြာမှာ သူတို့ရဲ့ ပထမဦးဆုံး စမတ်ဖုန်းဖြစ်တဲ့ Mi 1 ကိုစတင်ထုတ်လုပ်ခဲ့ပါတယ်။ စမတ်ဖုန်းလောကရဲ့ Apple ပန်းသီးဘုရင် Steve Jobs ရဲ့ နောက်ဆုံးလက်ရာတခုဖြစ်တဲ့ iPhone 4s နှင့်အပြိုင် တရုတ်စျေးကွက်ထဲကို စတင်ရောင်းချခဲ့ပါတယ်။ အဲ့ဒီအချိန်အခါက iPhone 4s က ဒေါ်လာ (၇၉၀) နဲ့ရောင်းချနေတဲ့အချိန်မှာ Mi 1 ကို ဒေါ်လာ (၃၂၀) တည်းနဲ့ရောင်းချခဲ့ပါတယ်။ ရောင်းချတဲ့အချိန်မှာလည်း ၎င်း iPhone 4s နဲ့တူတဲ့ဖုန်းကို စျေးတဝက်ပဲပေးပါဆိုပြီး နည်းပညာဘီလူးကြီး Steve Jobs ကို နားရွက်တံတွေးစတင်စွတ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီကနေစတင်ပြီး Xiaomi ဟာ ကမ္ဘာမှာပြိုင်ဆိုင်မှုအပြင်းထန်ဆုံး စမတ်ဖုန်းစျေးကွက်ထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ Apple ရဲ့ CEO ဖြစ်သူ Steve Jobs ကွယ်လွန်သွားချိန်မှာတော့ Lei Jun ကို ဒုတိယ Steve Jobs လို့တောင် တချို့ကတင်စားခေါ်ဝေါ်ခဲ့ကြပါသေးတယ်။

Xiaomi ဟာ အလွန်လျင်မြန်စွာအောင်မြင်လာပြီး (၂၀၁၄) ခုနှစ် ဒီဇင်ဘာလမှာ ကုမ္ပဏီတခုလုံးရဲ့တန်ဖိုး (၄၅) Billion (ဘီလျံ) ထိရှိလာခဲ့ပါတယ်။ Lei Jun ကိုယ်တိုင်လည်း တရုတ်ရဲ့ထိပ်သီးစီးပွားရေးမီးငှက်တွေကိုကျော်တက်ခဲ့ပြီး –

  • (၂၀၁၁) ခုနှစ်မှာ Lei Jun ဟာ တရုတ်ပြည်ရဲ့အချမ်းသာဆုံး အယောက် (၄၀၀) မှာ (၂၀၁) ယောက်မြောက်စာရင်းဝင်ခဲ့ပါတယ်။
  • (၂၀၁၂) ခုနှစ်မှာ တရုတ်ထိပ်တန်းလုပ်ငန်းရှင် (၁၀) ယောက်ထဲမှာပါဝင်လာခဲ့ပါတယ်။
  • (၂၀၁၃) ခုနှစ်မှာ Fortune Magazine (ဖော်ကျွန်းမဂ္ဂဇင်း) ရဲ့ ဂုဏ်ယူအထိုက်ဆုံးလုပ်ငန်းရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ထို့နောက် အာရှကိုချုပ်ကိုင်မယ့် လုပ်ငန်းရှင် (၁၁) ယောက်စာရင်းမှာပါဝင်လာခဲ့ပြီး၊ Lei Jun ဟာ ပိုင်ဆိုင်မှု (၉.၉) ဘီလျံနဲ့ တရုတ်နံပါတ် (၈) ဘီလျံနာဖြစ်လာခဲ့ပါတယ်။ 
  • (၂၀၁၄) ခုနှစ်မှာ Forbes Magazine (ဖောဘ်စ် မဂ္ဂဇင်း) ရဲ့ တနှစ်တာစွန်ဦးလုပ်ငန်းရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
  • (၂၀၁၅) ခုနှစ် ဇူလိုင်လမှာ Lei Jun ဟာ ပိုင်ဆိုင်မှုခန့်မှန်း (၁၃.၂) ဘီလျံနဲ့ တရုတ် နံပါတ် (၄)၊ ကမ္ဘာ့နံပါတ် (၈၇) ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။
  • (အတည်မပြုနိုင်တဲ့စာရင်းများအရ Lei Jun ဟာ ဒေါ်လာ (၄၅) ဘီလျံတန်တဲ့ Xiaomi ရဲ့ ရှယ်ယာ (၇၇.၈) ရာခိုင်နှုန်းပိုင်ဆိုင်တဲ့အတွက် (၃၅) ဘီလျံထိကြွယ်ဝချမ်းသာနေပြီလို့လည်းဆိုကြပါတယ်။ ၎င်းသာမှန်ကန်ခဲ့ရင်တော့ Lei Jun ဟာ Alibaba ရဲ့ Jack Ma နဲ့ ဝမ်ဒါအုပ်စု သူဌေး ဝမ်ကျန်လင် ကိုကျော်တက်ပြီး တရုတ်နံပါတ် (၁) ဘီလျံနာဖြစ်နေပါပြီ။)

Lei Jun ဟာ Xiaomi ကိုဆက်လက်အရှိန်မြှင့်တင်နေရင်း အခြားရင်းနှီးမြှုပ်နှံမှုတွေကိုပါ တောက်လျောက်ပြုလုပ်နေခဲ့ပါတယ်။ (၂၀၁၁) ခုနှစ်အတွင်း တရုတ်နည်းပညာကုမ္ပဏီ (၂၀) ကျော်မှာရင်းနှီးမြှုပ်နှံခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် တရုတ်နာမည်ကျော် E-Commerce ကုမ္ပဏီဖြစ်တဲ့ Lakala (လာကာလာ) နဲ့ လူမှုကွန်ယက် YY.com မှာလည်း Lei Jun ရဲ့ရှယ်ယာအများစုပါတယ်လို့ဆိုပါတယ်။ (၂၀၁၅) ခုနှစ် မတ်လမှာ ယုကျားဟွေလို့ခေါ်တဲ့ အလှကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီမှာပါထပ်မံရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ (၂၀၁၅) ခုနှစ်ကစတင်ပြီး နည်းပညာကုမ္ပဏီ အသေး (၁၀၀) ကျော်မှာရင်းနှီးမြှုပ်နှံပြီး Xiaomi ကို ပိုမိုကြီးထွားလာအောင် ဘေးကနေပံ့ပိုးပေးဖို့ စီစဉ်နေခဲ့ပါတယ်။

Xiaomi ရဲ့ စျေးကွက်ထိုးဖောက်မှုနည်းဗျူဟာများ –

  • ဧရာမ ဖုန်းကုမ္ပဏီတွေကိုယှဉ်ပြိုင်ဖို့ ကုန်ကျစရိတ်လျော့တဲ့အနေနဲ့ နေရာကောင်းမှာဆိုင်ခန်းဖွင့်ခြင်းကို ရှောင်ကျဉ်ပြီး Online ကနေသာ တဆင့်ရောင်းချခဲ့ပါတယ်။ ဆိုင်ခန်းစရိတ်အတွက် လွန်စွာသက်သာခဲ့ပါတယ်။
  • ပစ္စည်းကို စျေးကွက်မှာ အမြဲလိုအပ်ချက်ဖြစ်နေစေရန် အရေအတွက်ထိန်းချုပ်ပြီး ထုတ်လုပ်ခဲ့ပါတယ်။
  • သုံးစွဲသူရဲ့ လိုအပ်ချက်တုံ့ပြန်မှုတွေကို အပါတ်စဉ် (Update) ထုတ်ပေးပြီး အမြန်ဆုံးပြင်ဆင်ပေးခဲ့ပါတယ်။
  • အရည်အသွေးကောင်းကို စျေးသက်သက်သာသာနဲ့ ရောင်းခဲ့ပါတယ်။
  • ကြော်ငြာကို ရုပ်သံမီဒီယာမှ မကြေငြာခဲ့ပဲ Online ကနေသာ ကြေငြာပြီး ၎င်းစရိတ်ကို ပြိုင်ဘက်ကုမ္ပဏီတွေထက် အဆပေါင်းများစွာ ချွေတာခဲ့ပါတယ်။
  • ဥရောပ၊ အမေရိကနဲ့ ဂျပန်လို စျေးကွက်တွေကို မရွေးချယ်ပဲ စျေးပေါပြီး အရည်အသွေးကောင်းလိုအပ်နေတဲ့ တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှစျေးကွက်ကိုသာ ရွေးချယ်ခဲ့ပါတယ်။

စမတ်ဖုန်းသုံးစွဲမှု ပေါက်ကွဲချိန်မှာ စျေးကွက်လိုအပ်ချက်ကွက်လပ်တခု ပေါ်လာခဲ့ပါတယ်။ အနောက်နိုင်ငံနဲ့ ဂျပန်ဖုန်းတွေဟာ အရည်အသွေးကောင်းပေမယ့် စျေးများတယ်။ တရုတ်ဖုန်းတွေကျတော့ စျေးပေါပြီး အရည်အသွေးညံ့တယ်။ ၎င်းနှစ်ခုကြားထဲက “အရည်အသွေးကောင်း စျေးသက်သာ” ဆိုတဲ့ကွက်လပ်ကို Xiaomi က ဖြည့်နိုင်ခဲ့တာကြောင့် တဟုန်ထိုးအောင်မြင်လာခဲ့ပါတယ်။

Lei Jun ရဲ့ ကျော်ကြားတဲ့စကားတခွန်းကတော့ “မိုဘိုင်းဖုန်းက နိုင်ငံသာဖြစ်ခွင့် လျှောက်စရာမလိုဘူး” ဆိုတာပါပဲ။ သူ့ရဲ့ဖုန်းကို တကမ္ဘာလုံးက လက်ခံနိုင်အောင်လုပ်ပြီး နိုင်ငံတိုင်းမှာအသုံးပြုနေရမယ်လို့ဆိုပါတယ်။

Lei Jun ဟာ (၂၀၁၄) ခုနှစ်ကတည်းက ကြွယ်ဝတဲ့ မီလျံနာတယောက်ဖြစ်နေပေမယ့် (၂၀၀၇) ခုနှစ်ထိ လူထုရှေ့ထွက်မလာခဲ့ပါဘူး။ မထင်မရှားနေထိုင်ခဲ့ပါတယ် (Very Low Profile) ။ (၂၀၀၇) ခုနှစ်နောက်ပိုင်းမှာ CEO Branding လုပ်ဖို့ရန် မီဒီယာတွေနဲ့ အင်တာဗျူးခံပြီး လူထုရှေ့ထွက်လာခဲ့ပါတယ်။ 

ယခုအခါ အသက်အားဖြင့် (၄၇) နှစ်ရှိပြီဖြစ်တဲ့ Lei Jun ကို မီဒီယာကမေးပါတယ်။ “Zero (သုည) ဘဝကနေ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီတခုဖြစ်လာအောင်ဖန်တီးခဲ့တဲ့ ခင်ဗျားရဲ့လျို့ဝှက်ချက်က ဘာလဲ?” တဲ့။

၎င်းမေးခွန်းကို Lei Jun ဟာ သူ့ရဲ့ကြိုးစားမှု၊ ထူးချွန်မှုတွေကို အမွှန်းမတင်ပဲ ဒီလိုရိုးရိုးလေးဖြေခဲ့ပါတယ်။ “ကျနော် အချိန်မှန် နေရာမှန် ယူမိလို့ပါ။ မုန်တိုင်းအလယ်ထဲဝင်သွားမှတော့ ဝက်တောင်ပျံလို့ရပါတယ်” တဲ့။

Ref: ကိုဖြိုးကိုကိုနိုင်

You may also read!

Special Edition (PRODUCT) RED iPhone 8/ 8 Plus ကို Apple ကြေငြာ

မနေ့ညပိုင်းကထွက်ခဲ့တဲ့ Rumor သတင်းတွေအရ ဒီကနေ့ညနေပိုင်းမှာ Apple ကနေပြီးတော့ iPhone 8 & iPhone 8 Plus Special Edition (PRODUCT) RED ကို သူ့ရဲ့ Apple Store ပေါ်မှာ Announces

Read More...

iPhone Players များထံမှတစ်နေ့ဝင်ငွေ 2 သန်းရနေသော Fortnite Game

Epic Games Company ကနေ အရင်လကမှ ထုတ်ခဲ့တဲ့ Fortnite Online Games (Mobile Version) ဟာဆိုရင် တခြား နာမည်ကြီး Games တွေဖြစ်တဲ့ Candy Crush,Clash of

Read More...

Apple ရဲ့Co-Founder Steve Wozniak Facebook အသုံုးပြုမှုရပ်ဆိုင်း

Apple Inc. ရဲ့ Co-Founder တစ်ဦးဖြစ်တဲ့ Steve Wozniak ဟာ ဒီအတောအတွင်းမှာမှ ပေါ်ပေါက်ခဲ့တဲ့ Facebook Users တွေရဲ့ Personal Data တွေပေါက်ကြားခဲ့မှုတွေအပေါ်မှာ စိုးရိမ်ပူပန်တဲ့အတွက် Facebook အသုံုးပြုမှုကို မနေ့ကရပ်ဆိုင်းလိုက်ပြီလို့

Read More...

Mobile Sliding Menu